ချစ်ခြင်း၏ အခြားတစ်ဖက်
ချစ်ခြင်း၏ အခြားတစ်ဖက်မှာ ဘာရှိသလဲ ကျနော်သိချင်မိသည်။
အဲ့သည်နေ့ က မိုးစဲစ ညနေခင်းမှာ သူမကို ကျနော်လိုက်ပို့ တော့
လမ်းတစ်နေရာမှာ ဖွင့်ပြောဖြစ်သည်။
"နင့်ကိုငါချစ်တယ် "
သူမဘေးနားမှာ ရှိနေသော ကျနော်က မ၀ံ့မရဲဖြင့် ပြောထွက်သွားသည်။
သူမ မအံ့သြသွားခဲ့ပါ ။သူမ ကြိုသိထားသလိုပါပဲ။ ပြီးတော့ ပြောပြီး ရှက်ရှက်နဲ့ ဘေးကို မျက်နှာလွဲနေသော ကျနော်ကို သေချာစိုက်ကြည့်ရင် ပြန်ပြောသည်။
"သေချာပြန်ပြောပါ ..ငါ့မျက်နှာကိုကြည့်ပြီးပြော..
" နေရီ နင့်ကို ငါချစ်တယ် .."
သူမချက်ချင်းပဲ တုန့် ပြန်သည်။ ဘာကြောင့်ချစ်တာလဲ။
"ကျနော့်အတွက်တော့ ချစ်တယ် ဆိုတာ အကြောင်းပြချက် မရှိဘူး ။
နေရီနဲ့ အတူတူသွားရတာ ပျော်တယ်။ အတူတူစားရတာ ပျော်တယ်။ ပြီးတော့ နေရီကလည်း ကျနော့်ကို ဂရုစိုက်တယ် ။ ကျနော်ကလည်း နေရီ့ ကို ဂရုစိုက်တယ်။
နေရီ့ အကြောင်းတော်တော်များများလည်း ကျနော်သိတယ်။ "
"ဟုတ်ပါပြီ.. ချစ်တယ်ပဲ ထားပါတော့။ ချစ်ပြီးရင် ဘာဖြစ်မှာလဲ ။ အခုလို အတူတူသွားလာ နေတာတွေ ထက်ရော ဘာတွေ ထူးဆန်းသွားမှာမို့ လိုလဲ.."
"နင့်ငါ့အကြောင်းလည်း မသိတာ မဟုတ်ဘူး။"
ကျနော်က လမ်းဘေးက အုတ်ခုံလေးမှာ ထိုင်ပြီး သူမက ကျနော့် ဘေးနားမှ ရပ်လျက် ။
အနေအထားက ပြောင်းပြန်များ ဖြစ်နေမလား။ ဒါပေမဲ့ ကျနော် ရင်ဘတ်ထဲကတော့ ထူပူနေသည်။
"ငါနင့်ကိုချစ်တယ်ဆိုတာ နင့်ကို ချုပ်ချယ်ဖို့ မဟုတ်သလို .. နင့်ကို ပိုင်ဆိုင်ဖို့ လည်း မဟုတ်ပါဘူး။ နင်နဲ့အတူတူ ရှိရတာ ပျော်လို့ ပါ။ နင့်ခံစားချက်တွေ နင်ခံစားနေရတာတွေကို မျှဝေချင်လို့ ပါ။
နင့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတာပဲ ကျေနပ်ပါပြီ။ "
သူမက ပြန်ပြောသည်။
"ချစ်သူတွေ ဖြစ်သွားပြီ ချစ်သွားကြပြီ ဆိုတာ ..အဲ့ဒါ Relationship တစ်ခုမှာ အစွန်းတစ်ခုရောက်သွားတာပဲ။ ချစ်ပြီးရင် ဘာထပ်ဖြစ်ကြမှာလဲ..။ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ဖို့ မဟုတ်ရင် လမ်းခွဲကြဖို့ ပဲ။ "
သေချာတယ်..နင်နဲ့ ငါနဲ့ က လက်ထပ်ဖို့ ချစ်ကြမဲ့သူတွေလည်းမဟုတ်ဘူး ။ ငါက လက်ထပ်ရတာလည်း စိတ်မ၀င်စားဘူး။ အရေးကြီးတာက နင်နဲ့ ငါနဲ့ နားလည်မှုနဲ့  အခုလို နေသွားရင် ရတာပဲ ။
ကျနော် ဘာမှ ထပ်မပြောနိုင်တော့ ..။ သူမပြောပြီးနောက် သူမကို ချစ်တယ် ဆိုတာ ပိုင်ဆိုင်ဖို့  အတွက်လား ပေးဆပ်ချစ်ဖို့ အတွက်လား.. ကျနော်ကိုယ်တိုင်လည်း ဝေခွဲမရတော့ပေ။
ချစ်ခြင်း၏ အခြားတစ်ဖက်မှာ ဘာရှိနိုင်မှာလဲ.. ကျနော်က လမ်းခွဲကို မျှော်လင့်နေသူ မဟုတ်သလို။ သူမ မနှစ်သက်သည့် လက်ထပ်ခြင်းကို တောင်းဆိုနိုင်သူမဟုတ်။ ကျနော် သူမကို ချစ်တယ် ဆိုတာ ဘာတွေ ထပ်ပြီး မျှော်လင့်နေမိလို့  ရူးမိုက်စွာ ခံစားမိပါသလဲ။
သေချာတာကတော့ ကျနော် ကလေးသာသာ ပြန်ချစ်ပါ ဆိုပြီး မုန့် တောင်းနေသူ မဖြစ်ချင် ။
သူမနဲ့ အတူတူ ရှိနေခွင့်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် အနေဖြင့် သူမဆီက ချစ်တယ် ဆိုတဲ့ စကားကို တောင်းဆိုလိုက်တာက ချစ်ခြင်းရဲ့ အခြားတစ်ဖက် ရလဒ်ကို လိုချင်တဲ့ သူတစ်ယောက် ဖြစ်နေမိပြီလား။
ချစ်ခြင်း၏ အခြားတစ်ဖက်ကို သိချင်ရုံနဲ့  သူမနဲ့ အတူရှိနေခွင့်ကို ဆုံးရှုံးရမည် ဆိုရင် ကျနော် ရူးသွမ်းသွားလိမ့်မည်။ ဘာလို့ လဲ ဆိုတော့ ကျနော် သူမကို လိုအပ်၍ ဖြစ်သည်။
ချစ်ခြင်း၏ အခြားတစ်ဖက်မှာ ဘာတွေထပ်ဖြစ်နိုင်မှာလဲ..
ကျနော့် အတွက် အဖြေကတော့ ရှင်းပါသည်။
ချစ်ခြင်း ၏ အခြားတစ်ဖက်ကို သိရှိလိုခြင်းထက် သူမနဲ့ အတူရှိနေခွင့်ကိုလဲလိမ့်မည်မဟု
သူမကို ကျနော် ချစ်ပါသည်။
---
လင်းတန်ဆောင်
1 August 2014
0 comments:
Post a Comment