Thursday, March 16, 2017

ဘာလီကို ကိုယ်တိုင်ပလန်ပြီး စမတ်ကျကျ Solo ခရီး သွားကြမယ် ( Epi 2 , Final )



ဒုတိယနေ့ Visiting Around Ubud & Move to Kuta - Day 2

ဒုတိယနေ့ ကတော့  ဘာလီကို ရောက်တာ တတိယရက် ဖြစ်ပါတယ်။ ရောက်တဲ့ ၆ ရက်နေ့ ကတော့ ညပိုင်း ဖြစ်နေတော့ Ubud ကို ညပိုင်းလျှောက်ကြည့်တာလောက်ပဲ မီလိုက်ပါတယ်။ ဆိုတော့ အဲ့ဒီနေ့ အပါအဝင်ဆိုရင် ဒုတိယနေ့ မှာ Ubud ကို တစ်နေကုန် လျှောက်လည်အပြီး တတိယရက်ကို ရောက်လာပါတယ်။

ကြိုတင်စီစဉ်ထားတဲ့ အတိုင်း ဘာလီက Private Taxi Driver ကို နံနက် ၈နာရီလောက် လာကြိုခိုင်းပါတယ်။ တစ်နေကုန် Ubud နဲ့ ဘာလီမြောက်ပိုင်း ဘက်ကို အထင်ကရ နေရာတွေကို လျှောက်သွားမှာပါ။ ပြီးရင် ညနေပိုင်းမှာ ဘာလီတောင်ပိုင်း ကမ်းခြေဘက် Kuta ကို ဆက်ကူးမှာပါ။ ဒီတော့ တစ်နေကုန်လည်း လျှောက်သွားမှာဆိုတော့ ဟိုတည်မှာ နေဖို့ အချိန်မရှိတော့ပါဘူး ။တစ်ခါထဲ နံနက်စာ စားပြီး Hotel Check Out  လုပ်ပြီး ကိုယ်ငှားထားတဲ့ ကားပေါ်မှာ ပစ္စည်းတွေအားလုံး တင်ထားလိုက်ပါတယ်။


 ဘာလီကို လည်ပတ်ပုံ လမ်းကြောင်း


Private Driver

ကိုယ် Private Driver ကို စီစဉ်ပုံကတော့  Blog တွေမှာ ညွန်းထားတဲ့ Bali Driver  ကို ဆက်သွယ်ပြီး ငှားတာပါ။ မသွားခင် တစ်ပတ်လောက် အလိုမှာ  Whatsapp  ကနေ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး Chat ကနေ လှမ်းချိတ်ပါတယ်။ သူက လေဆိပ်မှာလာကြိုပေးပါတယ်။ ကိုယ့်နာမည် ရေးထားတဲ့ စာရွက်ကို ကိုင်ပြီး စောင့်နေတာပါ။ လေဆိပ်ကနေ Ubud   အတွက် အသွားကို 23$  / idr 300K ယုပါတယ်။ တစ်နာရီလောက် စီးရပါတယ်။  ပြီးတော့ တတိယနေ့ မှာ Ubud တစ်ဝိုက်နဲ့ အထင်ကရနေရာတွေကို သွားမယ်။ ပြီးရင် Kuta  ကိုပြန်သွားမယ် ဆိုတော့ အဲ့ဒီအတွက် 45$ / 600K idr ယူပါတယ်။ ပုံမှန် Ubud နဲ့  ဘာလီတစ်ဝိုက် လည်ပတ်တာ ၁၀နာရီစာကိုလည်း ဒီလောက်ယူပါတယ်တဲ့  ။ ကိုယ်ကတော့ နေ့ တစ်ဝက်လောက် လျှောက်လည်ပြီး Ubud ကနေ  Kuta က Guest House ကို ပြန်ကူးတာပါ။

Private ကားငှားတာက ကိုယ်သွားလာတဲ့ အခါမှာ အချိန်လည်း Save  ပြီးသားဖြစ်သလို နေရာစုံစုံလည်း ရောက်ပါတယ်။ အဖွဲ့ လိုက်ဆိုရင် ၃-၄ ယောက်လောက် လည်း စီးလို့ ရပါတယ်။ ကားက Toyota Innova ကားပါ။ တော်တော်သန့် ပါတယ်။ အဲကွန်းနဲ့ ပါ ။ ဒရိုင်ဘာကလည်း အင်္ဂလိပ် ပြောတက်တော့ အဆင်ပြေပါတယ်။  Tour Guide တစ်ပိုင်း Driver တစ်ပိုင်းလို့ လည်း ပြောလို့ ရပါတယ်။

ဒီတော့ နာမည်ကြီး အထင်ကရနဲ့ သွားလို့  ကောင်းတဲ့ နေရာတွေကို သူက စီစဉ်ပေးပါတယ်။



ပထမဆုံးရောက်သွားတာကတော့ ဘာလီမှာ နာမည်ကြီးတဲ့ လှေကားထစ် စပါးခင်းကို ခေါ်သွားပါတယ်။

သူက ဓာတ်ပုံရို်က်လို့  ကောင်းပါတယ်။ တောင်စောင်းလေးမှာ စပါးခင်းတွေကို လှေကားထစ်ပုံစံ စိုက်ပျိုးထားတာပါ။ တောင်စောင်းကိုဆင်းပြီး ဓာတ်ပုံရိုက်ပါတယ်။ စပါးခင်းတွေ အထဲထိ သွားမယ် ဆိုရင် အလှူငွေဆိုပြီး Idr 10K ကောက်ပါတယ်။ အထဲမဝင်ရင်လည်း ဘာမှမဖြစ်ပါဘူး ။ အပြင်ကနေ ပုံရိုက်လည်း အဆင်ပြေပါတယ်။




Luwak Coffee မြည်းစမ်းမယ်

 ဘာလီမှာ နာမည်ကြီးတဲ့ အရာတစ်ခုက ကြောင်ချေးကော်ဖီဆိုတဲ့ ကော်ဖီပါ ။ သူက ကြောင်ချီးကော်ဖီလို့ အလွယ်တကူ ခေါ်လိုက်ပေမဲ့ လူးဝတ် - Luwak ကောင်လေးတွေပါ။ ဒီကောင်လေးတွေက ကော်ဖီသီးအမြည့်တွေကို စားပါတယ်။ ကော်ဖီသီးကို စားလိုက်ပေမဲ့ အထဲ အစေ့ကိုတော့ သူတို့ မဝါးနိုင်ပါဘူး ။ အဲ့ဒါလေးက အစာအိမ်မှာ ကျန်ခဲ့ပြီး မစင်နဲ့ အတူ ထွက်လာပါတယ်။ ဒါကိုမှ အဲ့ဒီကော်ဖီစေ့တွေပါတဲ့ မစင်ကို သေချာ သန့် စင်ပြီး ရလာတဲ့ ကော်ဖီစေ့ကို ပြန်လှော်တာပါ။ကော်ဖီစေ့တွေဟာ လူးဝတ်ကောင်လေးတွေရဲ့  ဗိုက်ထဲမှာ အစာမကျေဘဲ အထဲက အစာအိမ်အက်စစ်တွေနဲ့ ဓာတ်ပြုပြီး ထွက်လာတဲ့ ကော်ဖီစေ့ဟာ အနံ့ အရသာ ပိုကောင်းတာပါ။ Luwak ကော်ဖီရတဲ့ ဆိုင် ၊ စိုက်ခင်းတွေက ဘာလီမြောက်ပိုင်းမှာ တော်တော်များပါတယ်။ ကိုယ်သွားခဲ့တဲ့ ဆိုင်လေးကတော့ Basanta Agro Organic Farm လေးပါ။









အထဲရောက်တော့ ကော်ဖီစေ့တွေ အကြောင်းရှင်းပြပါတယ်။ ပြီးတော့ ကော်ဖီအမျိုးမျိုးကို မိတ်ဆက်ပေးပါတယ်။ ဘာလီကော်ဖီ၊ အုန်းသီးကော်ဖီ ၊ ဗနီလာကော်ဖီ ၊ ဂျင်းကော်ဖီ စသဖြင့် ကော်ဖီပေါင်း ဆယ်မျိုးကျော်ကို အခမဲ့မြည်းစမ်းခိုင်းပါတယ်။  Luwak ကော်ဖီကတော့ ဝယ်သောက်ရပါတယ်။ 50 idr ပေးရပါတယ်။ ကိုယ်ကလည်း ကော်ဖီချစ်သူဆိုတော့ ဒီနေရာလေးကို ရောက်ပြီး ကော်ဖီသောက်ရတာ စိတ်ကိုချမ်းသာနေရော ။ သူက တောင်တန်းလေးတွေနားမှာ ဖွင့်ထားတာပါ ။ ကော်ဖီသောက်ရင်း ရှုခင်းလေးတွေခံစားရတာ အရသာပါ။



ကော်ဖီသောက်အပြီးမှာပဲ ဘာလီမြောက်ပိုင်းက အထင်ကရ ဘုရားကျောင်းကို သွားပါတယ်။ အသွားလမ်းမှာ ဘာလီက မီးတောင်ဟောင်းရယ် ၊ ရေကန်ရယ်ကို ဖြတ်သွားရပါတယ်။ လမ်းမှာ ဂိတ်ဖြတ်ကြေးတွေ ဘာတွေလည်း ပေးရပါတယ်။ 12k  idr ပါ။       



ဘုရားကျောင်းက ဝင်ကြေးပေးရပါတယ်။ ကိုယ်ကလည်း အထဲဝင်ရမှာ ပျင်းတော့ အပြင်ကနေကပဲ ပုံရိုက်ခဲ့တယ်..ဟိဟိ ။ အဲ့မှာ ရိုက်ခဲ့တဲ့ ပုံက အမိုက်ဆုံးလို့ ထင်တာပါပဲ။

Mount Batur နဲ့  lake batur


ဘာလီမှာ အသက်ရှင်နေဆဲ မီးတောင်ပါတဲ့။ နောက်ဆုံး ပေါက်ကွဲခဲ့တဲ့ အချိန်က ၂၀၀၀ ဝန်းကျင်လောက်ကပါ ။ အဲ့နေရာလေးကတော့ ဖြတ်သွားတဲ့ လမ်းပေါ်ကနေ ကြည့်ရင် မြင်ရပါတယ်။ ဒီတော့ ခဏနားပြီး တက်စီသမားက သူနဲ့ သိတဲ့ ဆိုင်တစ်ဆိုင်မှာ ခဏနားပြီး ဆိုင်အမိုးပေါ်တက်ကာ ဓာတ်ပုံရိုက်ပါတယ်။



ဒီနေရာလေးက trekking တွေ ဘာတွေ သွားလို့  ကောင်းပါတယ်။ မီးတောင်ကြီးအောက်မှာ ချော်ရည်အကြွင်းအကျန်တွေလည်း တွေ့ ရပါတယ်။ ပြီးတော့ ကပ်လျက်က ရေကန်ကြီး တစ်ကန်ပါ ရှိပါတယ်။ နည်းနည်းလည်း လှမ်းတဲ့ အတွက် အဝေးကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်။


ဒီဘုရားကျောင်းကတော့ ရေပူစမ်း ဘုရားကျောင်းလို့ လည်း ပြောလို့ ရပါတယ်။ အထဲဝင်တာနဲ့ ရိုးရာအရ Sarung ဝတ်ရပါတယ်။ သူက အင်ဒိုရိုးရာအကွက်လိုမျိုး ပိတ်စကို ခါးမှာ ပတ်ပြီး ပုဆိုးလို ဝတ်ရတာပါ။ ပြီးတော့ အဝတ်ကြိုးနဲ့ မြဲနေအောင် ချီရပါတယ်။ ဘုရားကျောင်းထဲ ဝင်တဲ့ သူတိုင်း ဒီလို ဝတ်ရတာပါ။ မြင့်မြတ်တဲ့ နေရာဖြစ်လို့ လေးစားသမှု နဲ့ ဝတ်ဆင်ရတာပါလို့  တက်စီဆရာကပြောပြပါတယ်။ဝင်ကြေးပေးရပါတယ်။ 10K idr ပါ။








အထဲရောက်တော့ .. ကန်ထဲမှာ လူပေါင်းစုံ ရေချိုးနေကြတာ တွေ့ ပါတယ်။ ရေချိုးနေတယ် ဆိုတာထက် ရေထွက်ပေါက် အတိုင်လေး တစ်ခုကနေ ကျလာတဲ့ ရေတွေကို ခံပြီး ရေလောင်းခံနေကြတာပါ။ နိုင်ငံခြားသားတွေကော ပါပါတယ်။ ကိုယ်ကတော့ ရေမထိချင်တာနဲ့ ကြည့်ပြီး ဘုရားကျောင်းထဲ ဝင်လာပါတယ်။ အဲ့ဒီအထဲမှာတော့ ရေစိမ့်ထွက်နေတဲ့ ကန်ကြီးတစ်ခုကို တံတိုင်းတွေကားထားတဲ့ နေရာ တစ်ခုကိုတွေ့ ပါတယ်။ လူတွေလည်း ဝိုင်းကြည့်နေကြတော့ ကိုယ်လည်း ကြည့်မိလိုက်တယ်။ ရေပူစမ်းလို ရေတွေ ပွက်ထပြီး ထွက်နေတာပါ ။ ရေကတော့ အရမ်းပူမယ် မထင်ပါဘူး ။ ရေကန်ထဲမှာငါးတွေလည်း တွေ့ ပါတယ်။
ကိုယ်တွေ ဓာတ်ပုံတွေ ရိုက်ပြီး ပြန်ထွက်လာခဲ့တယ်။



ထမင်းစားဖို့ ခဏနားပြီးတော့ ရေတံခွန်ဘက် ကို သွားပါတယ်။ ဝင်ကြေးပေးရပါတယ်။ 10K idr ပါ။ ရေဆော့ဖို့  စိတ်ဝင်စားရင် အဝတ်အစား အပိုလေးတော့ ထည့်ခဲ့စေချင်ပါတယ်။ လူငယ်အကြိုက်နေရာလေးပါ။ မတ်ဆောက်တဲ့ တောင်ပေါ်က တစ်ဖြောင့်ထဲ စီးကျလာတဲ့ ရေတံခွန်က တော်တော်လှပါတယ်။ အပေါ်ဘက်ကနေလည်း တက်လို့ ရပြီး.. အပေါ်တက်မယ် ဆိုရင် 10K idr လောက် ထပ်ပေးရပါတယ်။ ကိုယ်တွေကတော့ အောက်ဘက်ကနေ ကျလာတဲ့ ရေတံခွန်မှာပဲ နားပြီးဓာတ်ပုံရိုက်ပါတယ်။









 နိုင်ငံခြားသားတော်တော်များများ ကို တွေ့ တယ်။ ကိုယ်ထင်တာတာကတော့ ကမ္ဘာလှည့်နေတဲ့ လူငယ်တွေတော်တော်များတယ်။ လူကြီး သက်ကြီးပိုင်း ဆိုရင် မတွေ့ ရသလောက်ပဲ ။ ဒီနေရာက  Adventure ဆန်ဆန်လာကြတဲ့သူတွေ များတာကို ။ ရေဆော့နေကြတာလည်း တော်တော် ပျော်ဖို့  ကောင်းတယ်။ ( မျက်လုံးအစာကျွေးလို့ လည်းကောင်းတယ်လေ..ဟိဟိ။ ဤကာ စကားချပ် )

ရေတံခွန်မှာ ခဏနေပြီး ပြန်ထွက်လာတော့ နေ့ လည် ၂နာရီလောက် ရှိပါပြီ ဆိုတော့ ဘာလီတောင်ပိုင်းဘက်ကို ပြန်ကူးပါတော့မယ်။ ဘာလီမြောက်ပိုင်းဘက်က အထင်ကရ နေရာတွေလည်း ရောက်ပြီးပြီ ဆိုတော့ အခု နောက်ထပ် ခရီးစဉ်က ကမ်းခြေနဲ့  Nightlife တွေ အထင်ကရ ရှိတဲ့ Kuta ဘက်ပါ။

ကိုယ်ကလည်း Ubud အငြိမ်လိုင်း ပြီးရင် Kuta ဘက်မှာ အကဲလိုင်းကို ထပ်ကူးဖို့  ဘာလီတောင်ပိုင်းကိုချီတက်ပါတယ်။ ကားကလည်းတစ်နေကုန် ငှားထားတာဆိုတော့ အဆင်ပြေတယ်။

ဘာလီမှာ အကုန်နှံ့ ဖို့ က  Private Tour ကားတစ်စီးလောက် ငှားနိုင်မှဖြစ်မှာပါ ။ ငှားဖို့ လည်း အကြံပြုပါတယ်။ ကိုယ်ပိုင်  Driver နဲ့  ကိုယ့်ပစ္စည်းတွေလည်းစိတ်ချလက်ချ ကားပေါ်မှာ ထားခဲ့လို့ အဆင်ပြေတော့လေ။ မြို့ အနီးတဝိုက်ကို သွားလာဖို့ ကတော့ ဆိုင်ကယ်လောက်နဲ့ ဆိုရင် အဆင်ပြေပါတယ်။

Kuta ကိုရောက်ပြီ

Kuta  ကို ရောက်တော့ ကြိုတင် ဘိုကင်လုပ်ထားတဲ့ Guest House ကို တန်းသွားပါတယ်။

Jalan Dewi Sartika, Gg. Nusa Indah, Gg. Satelit No. 5, Tuban, Tuban, Kuta, 80361, Indonesia 



တစ်ရက်ကို 17$ ပေးရပါတယ်။ Guest House လို့ သာ ပြောတာပါ တော်တော်လေး သန့် ပါတယ်။ ရေကူးကန်ပါပြီး အခန်းတစ်ခန်းစီမှာ ဝရံတာလေးတွေနဲ့  Private ဆန်ပါတယ်။ လေဆိပ်ကိုလည်း တော်တော်နီးပါတယ်။ လမ်းလျှောက်ပြီးသွားရင်တော့ ၁၅ မိနစ်လောက်ဆို ရောက်ပါပြီ။ ကိုကလည်း လေဆိပ်နဲ့ နီး ၊ ကမ်းခြေနဲ့ နီး ပြီးတော့ ဈေးဝယ်စင်တာ Nightlife တွေ တော်တော်စုံတဲ့ နေရာကို မှ Review တွေ ဖတ်ပြီး Book လုပ်တာပါ။

ဒီလိုမျိုး ဟိုတည်တွေ တည်းခိုခန်းတွေ ငှားရင် မြေပုံတွေ ကြည့်တက်ရပါတယ်။ အနီးတဝိုက်မှာ ဘာရှိလဲ .. သွားလာရ အဆင်ပြေသလား .. တည်းဖူးတဲ့ သူတွေကကော ဘာတွေ မှတ်ချက်ပေးထားသလဲ စတာလေးတွေ လိုက်ကြည့်သင့်ပါတယ်။

ကမ်းခြေက တည်းခိုခန်းနဲ့ ဆိုရင် ဆယ်မိနစ်လောက် လမ်းလျှောက်ရင် ရပါပြီ။ ရှော့ပင်းစင်တာနဲ့ လည်း ဆယ်မိနစ် ဝန်းကျင်ပါပဲ ။

အဲ့လိုနဲ့ ပစ္စည်းတွေ တည်းခိုခန်းမှာ နေရာချပြီး သကာလ အနီးနားကို လျှောက်ကြည့်ပါတယ်။ ကမ်းခြေမှာ နေဝင်ချိန်ကို ကြည့်ဖို့ ကလည်း စောသေးတဲ့ အတွက် အနားက ရှော့ပင်းစင်တာ တစ်ခုမှာပဲ အပူရှောင်တဲ့ အနေနဲ့  လှည့်ပတ်ပါတယ်။ Starbucks ကော်ဖီအေး ဝယ်သောက်ပြီး နာရီကြည့်တော့ ငါးနာရီ ထိုးပါပြီ..ဒီလိုနဲ့ ကမ်းခြေဘက်ကို Google Map ကြည့်ပြီးလိမ့်ပါတယ်။


Jerman beach ဘာလီကမ်းခြေ

ဘာလီက ကမ်းခြေက ရေတော်တော် ကြည်ပါတယ်။ ဘာလီကမ်းခြေမှာပဲ ကမ်းစပ်အများကြီးရှိပြီး နာမည် တစ်ခုစီ ရှိပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာကတော့ Jerman beach ပါ။ လူတော့ သိပ်မရှုပ်ပါဘူး ။ ညနေပိုင်မှာ ကမ်းခြေကို လမ်းလျှောက်ပြီး လေညှင်းခံပါတယ်။ ကိုယ်ရောက်နေတဲ့ အချိန်မှာ တိမ်တွေ ထူနေတော့ နေကိုသိပ်မတွေ့ ရဘူး ။ ပြောရရင် နေဝင်သွားတာကို ပီပီပြင်ပြင် မမြင်ရပါဘူး ။ နေစောင်းသွားတော့ ကိုယ်လည်း တည်ခိုခန်းကို ပြန်ပါတော့တယ်။ ညပိုင်းအတွက် ပြင်ဆင်ရမယ်လေ။









Nightlife in Bali 

ဘာလီမှာ Kuta နဲ့  Seminyak   ကတော့ ပြောခဲ့ဖူးသလို ညပိုင်းဆိုရင် ဘားတွေ စားသောက်ဆိုင်တွေ ကလပ်တွေနဲ့ စည်ကားနေပါတယ်။ ဒေသခံတွေကိုတော့ ဒီလို ဘားတွေကလပ်တွေမှာသိပ်မတွေ့ ရပါဘူး ။ ဆိုင်ကယ်တက်စီအနေနဲ့ ပဲ အများဆုံး တွေ့ ရပါတယ်။ 

ဒီတော့  Nightlife အကြောင်လေး သိရဖို့  ဒီဘက်မှာ ဘယ်ဘားတွေ ကောင်းလဲ ဆိုတာကို Google လုပ်ကြည့်ပါတယ်။ Nightlife in Kuta ဆိုပြီး ရှာလိုက်ပါတယ်။ လူသွားများတဲ့ ဘားတွေကို ဖော်ပြပေးပါတယ်။






ဘားတွေ ကလပ်တွေအများဆုံးလမ်းကတော့ Jalan Legian ဆိုတဲ့ လမ်းမှာပါ။ တစ်လမ်းလုံး ဘားတွေ ကလပ်တွေနဲ့ စည်ကားနေပြီး ဆိုင်တွေကလည်း အပြိုင်အဆိုင် လူတွေကို ဖိတ်ခေါ်နေပါတယ်။ သီချင်းတွေလည်း မြူးမြူးကြွကြွလေးတွေ အပြိုင်ဖွင့်ထားပါတယ်။ ကလပ်တွေလည်း ဒီဂျေပုံတွေနဲ့ အပြိုင်ခေါ်နေကြပါတယ်။ 

ဘာလီက လူကြိုက်များတဲ့ ဘားတွေကိုတော့ ဒီလင့်ကနေ လေ့လာနိုင်ပါတယ်။
http://www.bali-indonesia.com/top10/top10-nightlife-kuta.htm

ကိုယ်ရောက်ခဲ့တဲ့ ဘားကတော့ Paddy’s Pub ပါ။ခရီးသွားတွေ တော်တော်များများ လာတက်တဲ့ ဘားပေါ့။ 
ဘေးကပ်ချက်မှာ Bounty Discotheque ဆိုတဲ့ ဘားနဲ့  ရက်ဂေးဘားရှိပါတယ်။ ဆိုင်အားလုံးကတော့ အဆင်ပြေတဲ့ အတွက် ကြိုက်ရာရွေးထိုင်လို့ ရပါတယ်။



Jalan Legian လမ်းပေါ်မှာပဲ ရှိပါတယ်။
ကမ္ဘာလှည့် ခရီးသည်တော်တော်များများ လာတက်ပါတယ်။ DJ တွေ လည်း ရှိပါတယ်။
အဲ့မှာသောက်မယ် ဆိုရင်တော့ ဘားတွေရဲ့ ထုံးစံအတိုင်း ဈေးတင်ထားတာ ရှိပါတယ်။ ပိုက်ဆံ နည်းနည်းများများတော့ ထည့်သွားပါ။ ကိုယ့်တုန်းကတော့ Paddy's Bar မှာ သောက်တာ  Bintang တစ်ပုလင်းမှာတာ 60k 1drေ ပးရပါတယ်။ Happy Hour ဆိုပြီး Buy 1 Get 1ေ ပးပါတယ်။ နိုင်ငံခြားသားတွေကတော့ တော်တော်များပါတယ်။ ကမ်းခြေဘက်မှာလည်း ဘားတွေရှိပါတယ်။ ဘော်ဒါပါရင်တော့ ကမ်းခြေဘက်က အဆင်ပြေမှာပါ။ 

ညပိုင်း တွေလည်း ဒီနေရာတွေက လူစည်တက်တော့ သွားတာ လာတာ စိတ်ချရပါတယ်။ ကိုယ်လည်း အိမ်ကို လမ်းလျှောက်ပြန်တာပါ။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ထဲ ဆိုရင်တော့ ဆိုင်ကယ် တက်စီတွေ ရှိပြီး ငှားပြီးပြန်သင့်ပါတယ်။ ဘား ကလပ်တွေကတော့ နံနက် ၃နာရီအထိ လောက်ကို ဖွင့်ပါတယ်။ 



Day 3

ဒီနေ့ ကတော့ အစားနဲ့ အသွားလိုင်းပါ။ နာမည်ကြီးတဲ့  ဘာလီစာ စားမယ်။ ရှော့ပင်းမောတွေလျှောက်သွားပါမယ်။ ပြီးရင် ကမ်းခြေဘက်မှာ Bintang သောက်ရင်း နေဝင်ချိန်ကို ကြည့်ပါမယ်။

ညက အိပ်တာ နောက်ကျတော့ မနက်ထတာလည်း နောက်ကျပါတယ်။ ဒီတော့ ရေမိုးချိုးပြီး နံနက် + နေ့ လည်စာ စားဖို့  ရှာပါတယ်။ ဟိုတည်ကနေ စားမဲ့နေရာက နည်းနည်းလှမ်းတော့ ဆိုင်ကယ် Taxi စီးရပါတယ်။

Babi Guling Pak Malen

ဘာလီစာလို့ လည်း ပြောလို့ ရပါတယ်။ ဝက်သားအစုံနဲ့ ထမင်းပါ ။ ဝက်သား မွကြော် ၊ အခေါက် ၊ အသည်း ၊အရေခွံ နဲ့  အကင်လည်း ပါပါတယ်။ စားလို့ ကောင်းပြီး တစ်ပွဲကို 40K idr ပါ။ သူက ဘာလီရောက်လို့ မစားရရင် ဘာလီရောက်တာ မတန်ပါဘူးလို့ ပြောကြပါတယ်။ မိသားစု ဆိုင်လေးပါ။ လိပ်စာကိုတော့ Google map မှာ နာမည်ရိုက်ရှာပြီး ကြည့်လို့ ရပါတယ်။








စားပြီးတော့  Google Map ကို လှမ်းထောက်ကြည့်ပါတယ်။ Walk In  အနီးဆုံးမှာ Seminyak Square ရှိနေတော့ အဲ့ဒီနေရာကို ဒိုးပါတယ်။ သူကလည်း ရှော့ပင်းမောလ်တစ်ခုပါ။ လမ်းလျှောက်သွားတော့ နာရီဝက်လောက် ကြာသွားတယ်။

Seminyak Square

ဒီစင်တာထဲကို လျှောက်ကြည့်ပြီးတော့ နည်းနည်းအချိန်ဖြုန်းလိုက်ပါတယ်။  ပတ်လည်မှာတော့ ကော်ဖီဆိုင် စားသောက်ဆိုင်တွေ ရှိပြီး အထပ်နှစ်ထပ် ရှိပါတယ်။ ဖက်ရှင်နဲ့ အဝတ်အစားဆိုင်တွေပဲ ဆိုတော့ ခဏပဲ ကြည့်ပြီး ပြန်လာခဲ့ပါတယ်။ ပြန်အထွက်မှာ ရာသီဥတုလေး နည်းနည်းနေပြင်းတာနဲ့  Starbucks မှာပဲ ice Mocha တစ်ခွက်သောက်ပြီး ခဏလောက် ထိုင်နေလိုက်တယ်။ 







ဒီအချိန်မှာ ဘာလုပ်မလဲ စဉ်းစားရတယ်။ ကိုယ်နေတဲ့ Kuta နားမှာက Shopping Mall နှစ်ခုရှိတယ်။ Discovery Shopping Mall နဲ့ Lippo Mall ပါ။ ဒါပေမဲ့ အဲ့ဒီဘက်ကို ပြန်သွားဖို့  နည်းနည်းတော့ ဝေးနေတယ်။ အဲ့ဒါနဲ့ လမ်းမှာ တက်စီငှားပြီး  Discovery ဘက် လှိမ့်ပါတယ်။ နာရီဝက်လောက် ကြာတယ်။ လမ်းကလည်း ပိတ်နေသေးတယ်။ ကားခကတော့ idr 150K လောက် ပေးလိုက်ရတယ်။



Discovery ဘက်ရောက်တော့ လျှောက်ကြည့် ။သူက တစ်ဖက်မှာ ကမ်းခြေကို မျက်နှာမူထားတယ်။ ဓာတ်ပုံရိုက်လို့ ကောင်းတယ်။ ရာသီဥတု က ပူတော့  Mall ထဲ ပြန်ဝင်ပြီး လက်ဆောင်ပေးလို့ ရတဲ့ ပစ္စည်းလေးများရှိမလား လိုက်ရှာ။ သိပ်တော့ မစုံဘူး။ ဘန်ကောက်မှာ ဆိုရင်  Siam Paragon လောက် ဝင်လိုက်ရင် အစုံရှိတယ်။ ဒီမှာတော့ ဆိုင်တွေက နည်းနေတယ်။ သိပ်တော့ ဝယ်လို့ မကောင်းဘူး ။ ပြောရရင် သိပ်ရွေးစရာမရှိဘူး။ ဆိုတော့ လမ်းလျှောက်ပြီးပဲ တည်းခိုတဲ့ အနီးဆုံးနေရာက Lippo Mall ဘက်ကို ပြန်ကူးပါတယ်။ ၁၀မိနစ် ၁၅ မိနစ်လောက်တော့ လျှောက်ရတယ်။

Lippo Mall မှာတော့ လက်ဆောင်ပေးလို့ ကောင်းတဲ့ ပစ္စည်းလေးတွေ ရှိတယ်။ လက်ပတ်တို့  Souvinor တို့ စုံတယ်။ အဲ့မှာပဲ ဝယ်လိုက်တယ်။

ဒီလိုနဲ့ Mall ကနေ ပြန်လမ်းလျှောက်ပြီး ကိုယ့်  တည်းခိုခန်းကို ပြန်ပါတယ်။ နေကလည်း နည်းနည်းပြင်းတော့ ခဏနားမယ်ပေါ့။ ညနေပိုင်းမှာ ကမ်းခြေဘက်ကို ပြန်ထွက်မယ်လေ။ နေဝင်ချိန်ကိုလည်း ကြည့်ရင်းပေါ့ဗျာ။

ညနေ ၅ နာရီလောက်မှာ တည်းခိုခန်းက ပြန်ထွက်ပြီး ကမ်းခြေဘက်သွားပါတယ်။ ကမ်းခြေတွေက တစ်ခုနဲ့ တစ်ခု ဆက်နေတော့ ဒီကမ်းခြေအတိုင်းသွားလိုက်ရင် တခြားကမ်းခြေဘက်တွေလည်း ရောက်တယ်။ ကိုယ်က  Jerman Beach ကနေ  Google Map လေး ကြည့်ရင်း Kuta Beach ဘက် ဆက်လျှောက်တယ်။ လေကလည်းတဖြူးဖြုးနဲ့  အရမ်းမိုက်ပေါ့။ ဒီလိုနဲ့  Kuta Beach ဘက်ရောက်တော့  Surfing လုပ်နေတဲ့ သူတွေကော ကမ္ဘာလှည့်ခရီးသည်တွေကောအများကြီး တွေ့ ရတယ်။ ဒီဘက်မှာတော့ တော်တော်လေး လူစည်တယ်။ ညနေခင်းဆိုတော့ သောင်ပြင်မှာ ထိုင်ခုံလေးတွေ ချပြီး ဘီယာထိုင်သောက်နေကြတယ်။ ကိုယ်ကလည်း တစ်နေရာလောက် ထိုင်ပြီး ဘာလီရဲ့ ပင်တိုင်ဘီယာ  Bintang တစ်ပုလင်း မှာပါတယ်။ တစ်ပုလင်း idr 30K ပေးရတယ်။ အဲ့က ထိုင်ခုံလေးမှာပဲ ထိုင်ရင်း ကမ်းခြေက နေဝင်ချိန်ကို ကြည့်တယ်။ ဖီးလ်ကတော့ တကယ်မိုက်ပဲ။











ဒီနေ့ လေးကတော့ ဘာလီရဲ့ နောက်ဆုံးနေ့ လေးပါ။ ခရီးစဉ်ကတော့ ၅ ရက်ရှိပေမဲ့ အပြည့်အဝလည်ပတ်ရတာကတော့ သုံးရက်ပေါ့။

အကောင်းဆုံး အချိန်တွေကို ဖြတ်ကျော်ရင်း အဆုံးသတ်လေးမှာ ရလိုက်တာကတော့ ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ငွေရေးကြေးရေး စီစီစစ်စစ် သုံးတက်လာတယ်။ ( ကွတ်တိမသုံးတက်ရင် အိမ်ပြန်ခက်ပြီလေ ..  :P ) ပြီးတော့ နေရာသစ် နဲ့ မမြင်ဘူးတဲ့ လူသစ်တွေနဲ့ ဆုံရတဲ့ အတွက် သူတို့ ရဲ့ ဓလေ့ထုံတမ်းနဲ့ လူနေမှု အဆင့်အတန်း ၊ အစားအစာ အကြောင်းတွေကို သိလာတယ်။
အကောင်းဆုံးကတော့ ကိုယ့်ကိုယ် ပို အားကိုးတက်လာတာပါပဲ။ အရင်ကထက် ပိုပြီး ရင့်ကျက်လာသလို ခံစားရပါတယ်။

မိတ်ဆွေတို့ ကော ဘဝမှာ ခရီးတွေကို တစ်ယောက်ထဲ ဘယ်နှစ်ခေါက်သွားပြီးပြီလဲ  ?

အကယ်လို့ တစ်ယောက်ထဲ မဟုတ်ဘဲ ဘော်ဒါတွေနဲ့ သွားရင်တော့ ဘက်ဂျက်မျှသုံးနိုင်မှာဖြစ်တဲ့ အတွက် ပိုပြီး သက်သာမယ်လို့  ထင်ပါတယ်။



 ဘာလီကို အိမ်ကနေ ယူသွားသင့်တဲ့ အရာများ


  • နေကာမျက်မှန်ကောင်းကောင်း တစ်လက်
  • Universal Plug ကြိုက်တဲ့ အပေါက်မှာ ထိုးလို့ ရတဲ့ ပလပ်ခေါင်း
  • ရေဘူးအလွတ် နဲ့ ပေါ့ပေါ့ပါးပါးစီးလို့ ရတဲ့  Walking Shoes / Sport Shoes
  • ကင်မရာ (သို့ ) ဖုန်းကင်မရာ ကောင်းကောင်းပါတဲ့ ဟန်းဆက်
  • Backpack  ကောင်းကောင်းတစ်လုံး ၊ ဖြစ်နိုင်ရင် Backpack ထဲမှာပဲ အကျီအဝတ်အစားတွေ အကုန် ထည့်လို့ ရရင် ပိုကောင်းပါတယ်။ အဝတ်အစားတွေကလည်း ပေါ့ပေါ့ပါးပါး ဝတ်စရာ လက်ပြတ် အတို ၊ ဘောင်းဘီအတိုနဲ့ ရေကူးဝတ်စုံ တစ်စုံ။

ဘာလီသွားမဲ့  Solo Traveler များအဆင်ပြေကြပါစေ ခင်ဗျ။

Fred Rangoon
17 March 2017



Related Articles

0 comments:

Post a Comment

Fred Rangoon. Powered by Blogger.

Life always goes on

About Me

Fred Rangoon

Alis - Freddy

Blogger , Writer ,Techie , Digital Marketer ,
Freelance Graphic Designer , Photographer
Traveller , Marketing Consultant , Idea Creator, Learner .
and Home-made chef

Contact : tazaung.pr@gmail.com

Search This Blog

Blog Archive

Labels List Numbered

Instagram

recent posts

Pages

Follow us

Photo Profile
Taylor Wong Architecture Designer

The Japanese call it Hanakotoba, and King Charles II brought it to Sweden from Persia in the 17th century. Read More

Popular Gallery